msb13568.jpg

21.11.2016

အီဘိုလာ ကပ်ရောဂါဖြစ်ပွားမှုသည် အနောက် အာဖရိကတိုက်တစ်ခုလုံးရှိ လူပေါင်း ၂၈,၇၀၀ ကျော်အပေါ် သက်ရောက်ခဲ့ပြီး ကလေး၊ အမျိုးသမီးနှင့် အမျိုးသား အပါအဝင် လူပေါင်း ၁၁၃၀၀ ထက်မနည်း သေဆုံးခဲ့သည်။ အီဘိုလာရောဂါကြောင့် မိသားစုပေါင်းများစွာ ကွဲကွာသွားခဲ့ကြပြီး၊ လူမှုအသိုင်းအဝန်းများလည်း ထိခိုက်ခဲ့ရသည်။ ထို့အပြင် ကျောင်းများစွာ ပိတ်ခဲ့ရသလို၊ ကျန်းမာရေးစနစ်များ ပြိုပျက်ခဲ့ရပြီး စီးပွားရေး တိုးတက်မှုများလည်း ရပ်ဆိုင်းကုန်ခဲ့သည့်အတွက် ဆုံးရှုံးမှုမှာ ပိုမိုကြီးမားခဲ့သည်။ နာကျင်ဖွယ်ရာ ကောင်းလောက်အောင် နိုင်ငံတကာမှ တုန့်ပြန်မှုများ နှေးကွေးနေခဲ့၍ အီဘိုလာရောဂါကြောင့် သေဆုံးသူ အရေအတွက်မှာ ထိတ်လန့်စဖွယ် ပိုမိုများပြားခဲ့သည်။

 “အီဘိုလာကပ်ရောဂါ ဖြစ်ပွားမှုကြောင့် ထိခိုက်ဆုံးရှုံးမှုတွေဟာ မတိုင်းတာနိုင်လောက်အောင်ပါပဲ” ဟု MSF စီမံကိန်းဒါရိုက်တာ Brice de le Vingne က ပြောသည်။ “အနောက်အာဖရိကကို သွားရောက်လုပ်ကိုင်ခဲ့ကြတဲ့ MSF ဝန်ထမ်းတိုင်း ဒီအတွေ့အကြုံကို မေ့ဖျောက်နိုင်မှာ မဟုတ်တော့ပါဘူး။ အဲဒီဒေသက ဝန်ထမ်းတွေအတွက် ဆိုရင်တော့ ပိုပြီးတော့ သက်ရောက်မှုက ပိုပြီးကြီးမားပါတယ်၊ သူတို့က နေ့စဉ် ဆိုးရွားကြောက်မက်ဖွယ်ကောင်းလှတဲ့ ရောဂါဆိုးကြီးနဲ့ ထိပ်တိုက်ရင်ဆိုင်နေရတာကိုး။ အီဘိုလာရောဂါကို ကိုယ်တိုင် ခံစားရသူတွေနဲ့ ယင်းတို့ မိသားစုဝင်တွေအတွက်ကတော့ တကယ့်ကို ဒုက္ခငရဲအတိုင်း ခံစားရမှာပါ” ဟု ၄င်းက ထပ်မံပြောသည်။

ဂီနီနှင့် ဆီရီယာလီယွန်နိုင်ငံတို့တွင် အီဘိုလာရောဂါမှ အသက်ရှင်ကျန်ရစ်ခဲ့သူများအား ဆေးဝါးနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး စောင့်ရှောက်မှုများပေးနေသည့် MSF စီမံကိန်းများမှာ စက်တင်ဘာလ နှောင်းပိုင်းတွင် အဆုံးသတ်ခဲ့ပြီး ဖြစ်သည်။ လိုက်ဘေရီးယားနိုင်ငံရှိ အီဘိုလာရောဂါအလွန် ကုသမှုများမှာတော့ ယခုနှစ်ကုန်တွင် အဆုံးသတ်မည်ဖြစ်သည်။ အီဘိုလာရောဂါမှ အသက်ရှင်ကျန်ရစ်သူ အများစုမှာ မျက်လုံးနှင့် အဆစ်အမြစ်ကိုက်ခဲမှုများ ခံစားခဲ့ရကြပြီး၊ အဆိုပါ နောက်ဆက်တွဲရောဂါများကိုလည်း MSF မှ ကုသပေးခဲ့ပြီး ဖြစ်သည်။ MSF အနေဖြင့် စိတ်ပိုင်းဆိုင်ရာကုသမှု ခံယူရန် ဆက်လက် လိုအပ်နေသေးသူများကို နိုင်ငံတွင်းရှိ အမျိုးသားကျန်းမာရေးစနစ်ဖြင့် သို့မဟုတ် တခြားသောအဖွဲ့ဖြင့် ဆက်လက် ကုသမှုခံယူနိုင်ရန် စီမံပေးခဲ့ပြီး ဖြစ်သည်။

MSF သည် အထက်ပါ သုံးနိုင်ငံစလုံးရှိ ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ချက်မြင့်မားသော လူမှုအသိုင်းအဝန်းများကို ဆက်လက် အလေးထားကူညီပေးနိုင်ရန် လုပ်ဆောင်သွားမည် ဖြစ်သည်။ ထို့ပြင် အနာဂါတ်တွင် အီဘိုလာရောဂါ သို့မဟုတ် အခြားသော ကူးစက်ကပ်ရောဂါများ ဖြစ်ပွားပါက လျှင်မြန်စွာ တုန့်ပြန်ကူညီနိုင်ရန် အရေးပေါ်အထောက်အပံ့များ ဒေသတွင်းတွင် အဆင်သင့်ရှိနေရန်လည်း MSF မှ ပြင်ဆင်လုပ်ဆောင်ခဲ့ပြီး ဖြစ်သည်။

Facebook comments