msf141866_0.jpg

23.09.2016

စစ်တပ်ပိတ်ဆို့ထားသည့်မြို့ရှိ အရပ်သားများနေထိုင်ရာနေရာများအား မညှာမတာ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် အပြစ်မဲ့အရပ်သားများ သေဆုံးနေရသည်ဟု MSF မှ ပြစ်တင်ပြောဆို

အလက်ပိုမြို့ အရှေ့ဘက်ရှိ MSF မှ ထောက်ပံ့ထားသည့်ဆေးရုံများတွင် ထိခိုက်ဒဏ်ရာရရှိသူ လူနာများစာရင်း အဆမတန် တိုးလာနေပြီး၊ ပြီးခဲ့သည့်ရက်များကလည်း စစ်တပ်က ပိတ်ဆို့ထားသည့်မြို့အား မရပ်မနား ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ပြီးခဲ့သည့် နှစ်ရက်တာအတွင်း MSF မှ ထောက်ပံ့ထားသည့် ဆေးရုံများမှ တင်ပြသည့် မှတ်တမ်းများအရ ထိခိုက်ဒဏ်ရာရရှိသူ ၁၄၅ ဦး ဆေးရုံတင် ကုသခံခဲ့ရပြီး၊ ၂၃ ဦး သေဆုံးခဲ့သည်။ “အလက်ပိုမြို့က ပြည်သူတွေဟာ စစ်တပ်က ပိတ်ဆို့ထားတဲ့ဒဏ်ကို မချိမဆံ့ခံစားနေရပြီး၊ တစ်ဖန် ရက်ရက်စက်စက် တိုက်ခိုက်ခြင်းကိုလည်း ထပ်မံခံစားနေရပြန်ပါတယ်” ဟု ဆီးရီးယားနိုင်ငံဆိုင်ရာ MSF ဌာနေကိုယ်စားလှယ် Carlos Francisco က ဆိုသည်။ “ဘာထောက်ပံ့ကူညီမှုမှ မရှိဘူး၊ အရေးပေါ်လိုအပ်နေတဲ့ ဆေးဝါးထောက်ပံ့ပစ္စည်းတွေကို လည်း တင်သွင်းခွင့် မပြုဘူး။ ကျွန်တော်တို့ ဆေးရုံတွေကနေ ပေးပို့လိုက်တဲ့သတင်းတွေအရ ဒဏ်ရာရလူနာ အရေအတွက်က ပိုပိုများလာတဲ့အတွက် ကျွန်တော်တို့ တော်တော့်ကို စိုးရိမ်နေပါတယ်၊ ပြီးတော့လည်း ဒဏ်ရာရတဲ့သူ၊ ဖျားနာနေတဲ့သူတွေ ဘယ်ကိုသွားရမယ်မှန်း မသိဘဲ နေရာတော်တော်များမှာ လူတွေ တော်တော်သေကုန်တယ်။”

ဇူလိုင်လ ကတည်းက စစ်တပ်မှ ဝိုင်းရံပိတ်ဆို့ထားသည့်အတွက် အလက်ပိုအရှေ့ပိုင်းနေရာတွင် ပြည်သူများသာ ကျန်ရစ်ခဲ့သည်။ “ကမ္ဘာက စောင့်ကြည့်နေတဲ့ကြားက အလက်ပိုမြို့ဟာ စစ်တပ်ရဲ့ ဝိုင်းရံပိတ်ဆို့မှုကို ခံရတဲ့အပြင်၊ အရပ်သားတွေလည်း သေဆုံး၊ ချောင်ပိတ်မိ၊ နောက်ဆုံး ဘာမှမလုပ်နိုင်ဘဲ ကျန်ခဲ့ရတယ်။ ဆီးရီးယားပဋိပက္ခဟာ ပဋိပက္ခနယ်မြေတစ်ခုအတွင်းမှာ ဖြစ်ပျက်လေ့ရှိသမျှ ရက်စက်ကြမ်းကြုတ်မှုအားလုံးရဲ့ ဆိုးယုတ်မှုကို ပြသမှုတစ်ခုပါပဲ။ လက်တွေ့မြင်နေရတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေအရ စစ်ပွဲမှာတောင် လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေဟာ အဲ့ဒီနေရာမှာ ရှိမနေပါဘူး၊ အရပ်သားတွေရဲ့ အသက်တွေနဲ့ အဆောက်အဦတွေဟာ ရက်ရက်စက်စက် တိုက်ခိုက်ခံနေရပါတယ်။ ပြီးတော့ ဆေးဘက်ဆိုင်ရာ အဆောက်အဦတွေဟာလည်း မရပ်မနား ပစ်မှတ်ထားခံနေရပါတယ်။”

အလက်ပိုမြို့တွင် MSF မှ ဆေးရုံရှစ်ရုံကို ကူညီထောက်ပံ့မှုပေးနေသည်။ ဆီးရီးယားနိုင်ငံ မြောက်ပိုင်းတင် ဆေးဘက် ဆိုင်ရာ အဆောက်အဦ ၈ ခုရှိကာ၊ နိုင်ငံအနှံ့ ကျန်းမာရေးဌာနနှင့် ဆေးရုံ ၁၅၀ ထက်မနည်းအား ကူညီပေးနေပါသည်၊ အဆိုပါ ကျန်းမာရေးဌာန အများစုမှာ စစ်တပ်မှပိတ်ဆို့ထားသည့် နေရာများတွင် ရှိပါသည်။

Facebook comments