msf171391.jpg

“အဆုတ်ရောင်ရောဂါ ခံစားနေရပြီး ကာကွယ်ဆေးထိုးပေးဖို့ အရေးတကြီး လိုအပ်နေတဲ့ ပဋိပက္ခတွေကြားက ကလေးသူငယ်တွေအတွက် နှစ်အတန်ကြာ အရေးဆိုလှုပ်ရှားပြီးတဲ့နောက် GSK ကုမ္ပဏီရဲ့ ဈေးနှုန်းလျှော့ချမယ့် အစီအစဉ် ပေါ်ထွက်လာတာဟာ MSF အတွက် စိတ်သက်သာရာ ရစေပါတယ်။ GSK ဟာ တကယ့်ကို ဆိုးရွားတဲ့အခြေအနေမှာ ရှိနေတဲ့ ကလေးငယ်တွေအပေါ် ထားတဲ့ သူတို့ရဲ့သဘောထားကို ဖော်ပြပေးလိုက်တာပဲ ဖြစ်ပါတယ်၊ Pfizer ကုမ္ပဏီကတော့ ဆင်ခြေပေးမှုတွေရဲ့ နောက်ကွယ်မှာသာ ဆက်လက်ပုန်းအောင်းနေပြီး လူသားချင်းစာနာ ထောက်ထားမှုအဖွဲ့တွေကို ဆင့်ပါးစပ်နှမ်းပက်တဲ့ ကမ်းလှမ်းမှုတွေသာ လုပ်ဆောင်နေပါတယ်။”

ဗစ်ကီဟော့ကင်းဗြိတိန်နိုင်ငံဆိုင်ရာ MSF အဖွဲ့၏ Executive Director
19.09.2016

ကမ္ဘာတစ်ဝန်း ကလေးသူငယ် အများဆုံးသေဆုံးမှုတွင် အဆုတ်ရောင်ရောဂါမှ ဦးဆောင်နေပြီး၊ နှစ်စဉ် ကလေးငယ် အရေအတွက် တစ်သန်းခန့် သေဆုံးနေသည်။ ပဋိပက္ခဒဏ်ခံ ကလေးသူငယ်များ အထူးသဖြင့် ပဋိပက္ခများ ဖြစ်ပွားနေသည့်နေရာများ သို့မဟုတ် လူသားချင်းစာနာမှုဆိုင်ရာ အရေးပေါ် အခြေအနေများကြားမှ ကလေးသူငယ်များသည် အဆုတ်ရောင်ရောဂါဒဏ်ကို ပိုမိုခံစားလွယ်ကြသည်။ ခုခံကာကွယ်နိုင်စွမ်း နည်းသည့် ကလေးသူငယ်များအနေဖြင့် ကာကွယ်ဆေးထိုး ကုသပေးနိုင်သည့် ရောဂါကြောင့် ယခုကဲ့သို့ သေဆုံးနှုန်းများနေသည်ကို MSF အဖွဲ့များမှ မကြာခဏဆိုသလို တွေ့မြင်ရလေ့ ရှိသည်။

ပြီးခဲ့သည့် ခုနစ်နှစ်တာ ကာလအတွင်း MSF မှ အဆုတ်ရောင်ကာကွယ်ဆေး ထုတ်လုပ်သည့် ကုမ္ပဏီများ ဖြစ်သည့် Pfizer နှင့် GlaxoSmithKline (GSK) ကုမ္ပဏီများအနေဖြင့် လူသားချင်းစာနာမှု အဖွဲ့အစည်းများအတွက် အသက်ကယ်နိုင်သည့် ကာကွယ်ဆေး ဈေးနှုန်းအား တစ်ကမ္ဘာလုံး အတိုင်းအတာအနေဖြင့် အနိမ့်ဆုံးအထိ လျှော့ချပေးနိုင်ရန် မေတ္တာရပ်ခံ ပန်ကြားခဲ့သည်။

Pfizer ကုမ္ပဏီမှ MSF နှင့် အခြား လူသားချင်းစာနာမှုအဖွဲ့အစည်းများအတွက် အဆုတ်ရောင် ကာကွယ်ဆေးဈေးနှုန်းအား တတ်နိုင်လောက်သည့် ပမာဏအထိ လျှော့ချမပေးဘဲ တင်းခံနေသော် လည်း၊ GSK ကုမ္ပဏီမှ အပြုသဘောဆောင်သည့် ခြေလှမ်းတစ်ရပ်အဖြစ် MSF ကဲ့သို့သော လူသားချင်းစာနာမှုအဖွဲ့များအတွက် ယင်းကုမ္ပဏီထုတ် ကာကွယ်ဆေးများအား ကမ္ဘာ့အနိမ့်ဆုံး ဈေးနှုန်းဖြင့် ရောင်းချပေးမည်ဟု ကြေညာလိုက်သည်။ အဆိုပါ ကြေညာချက်အား ဝမ်းမြောက် ဝမ်းသာစွာ ကြိုဆိုလိုက်ပြီး လူသားချင်းစာနာမှုအဖွဲ့အစည်းများအနေဖြင့်လည်း ပဋိပက္ခဒဏ်ခံ ကလေးငယ်များ ကျန်းကျန်းမာမာဖြင့် နေထိုင်နိုင်ရန် ကာကွယ်ဆေးကို ထိုးနှံပေးနိုင်တော့မည် ဖြစ်သည်။

သို့သော်လည်းပဲ အဆိုပါ ကြေညာချက်သည် ဆေးဝါးဈေးနှုန်းကြီးမြင့်မှုကြောင့် ပြည်သူလူထု တစ်ရပ်လုံး အတွက် အဆုတ်ရောင် ကာကွယ်ဆေး ထိုးနှံပေးနိုင်မှု မရှိသေးသည့် အစိုးရများအတွက် အနည်းငယ်သာ အထောက်အကူပြုနိုင်မည် ဖြစ်သည်။ GSK ကုမ္ပဏီအနေဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများ အတွက် အဆုတ်ရောင်ရောဂါ ကာကွယ်ဆေးဈေးနှုန်းကို ကလေးတစ်ဦးလျှင် ၅ ဒေါ်လာသာ ကုန်ကျသည့်နှုန်းအထိ (သတ်မှတ်အကြိမ်ရေ ၃ ကြိမ်စာ အပြီးအစီး) လျှော့ချပေးခြင်းဖြင့် ကမ္ဘာလုံး ဆိုင်ရာ ကျန်းမာရေးအတွက် ယင်းတို့၏ စိတ်အားထက်သန်မှုအား ထပ်မံဖော်ပြနိုင်သည့် အခွင့် အလမ်းကောင်းအား အမိအရ ရယူသင့်ပါသည်။

Pfizer ကုမ္ပဏီထုတ် အဆုတ်ရောင်ကာကွယ်ဆေးသည် ကမ္ဘာ့ရောင်းအားအကောင်းဆုံးဖြစ်ပြီး ပြီးခဲ့သည့် ခုနစ်နှစ်အတာအတွင်း အမေရိကန်ဒေါ်လာ သန်း ၃၀ ခန့် အမြတ်အစွန်း ရရှိခဲ့ပြီ ဖြစ်သော်လည်း ယင်းဈေးနှုန်းမှာ အစိုးရများနှင့် လူသားချင်းစာနာမှုအဖွဲ့များအတွက် လက်လှမ်းမမီဆဲ အနေအထားတွင်သာ ဆက်ရှိနေပါသည်။

ဆက်စပ်သတင်း - ဂရိနိုင်ငံ ။ ။ စစ်ပြေးဒုက္ခသည် ကလေးငယ်များအတွက် အဆုတ်ရောင်ကာကွယ်ဆေး ထိုးနှံပေးမှုတွင် ဆေးဝါးဈေးနှုန်းကြီးမြင့်မှုက အတားအဆီးဖြစ်နေ

Facebook comments