30.08.2016

သြဂုတ်လ ၂၉၊ တနင်္လာနေ့တွင် နယ်စည်းမထားဆရာဝန်များအဖွဲ့ (MSF) ၏ ကူညီကယ်ဆယ်ရေးသင်္ဘော Dignity I မှ မြေထဲပင်လယ် အလယ်ပိုင်းအတွင်း ရော်ဘာလှေ ၂၀ စင်းခန့်၊ အခြား သစ်သားဖြင့်လုပ်ထား သည့် လှေများအပြင် လူ ၆၀၀ မှ ၇၀၀ အထိ တင်ဆောင်လာသည့် လှေတစ်စင်း စသည်တို့မှ လူပေါင်း ၃၀၀၀ ခန့် ကို ကူညီကယ်ဆယ်ပေးခဲ့သည်။

“ဒီအရေအတွက်ဟာ ကျွန်တော်တို့ တစ်နှစ်တာအတွင်း ကူညီကယ်ဆယ်ရေး လုပ်ခဲ့တဲ့တစ်လျှောက် တစ်နေ့တည်းမှာ အများဆုံး ကူညီကယ်ဆယ်ပေးခဲ့တဲ့ အရေအတွက်ပဲ ဖြစ်ပါတယ်” ဟု Dignity I ၏ Field Coordinator Nicholas Papachrysostomou မှ ပြောသည်။ “ဒီမယုံနိုင်လောက်စရာ ကိန်းဂဏန်းတွေက ပြည်သူတွေအနေနဲ့ နိုင်ငံတွေမှာ ကြုံတွေ့နေရတဲ့ အဖြစ်အပျက်ဆိုးတွေကနေ အသက်ရှင် ရပ်တည်နိုင်ဖို့ အတွက် လုံခြုံရာရှာဖို့နဲ့ ဥရောပနိုင်ငံတွေဆီက အကာကွယ်တွေ ရနိုင်ဖို့အတွက် ကြိုးစားဖို့အတွက် တွန်းပို့ ခံနေရတယ်ဆိုတာ ပြဆိုနေတာပဲ ဖြစ်ပါတယ်။ ဒီ Dignity I သင်္ဘောဟာ သူ့ရဲ့စံနှုန်းအရတော့ လူ ၄၀၀ လောက်ပဲ ဆံ့ပါတယ်၊ ဒါပေမဲ့ မနေ့ကလို အခြေအနေမှာတော့ ကျွန်တော်တို့အနေနဲ့ အမျိုးသား၊ အမျိုးသမီး နဲ့ ကလေးသူငယ်တွေ ပါဝင်တဲ့ လူ ၄၃၅ ယောက်ကို တင်ဆောင်ခဲ့ရပါတယ်။ တချို့လူတွေဟာ သောက ပရိဒေဝတွေ လောင်မြိုက်နေပါတယ်၊ ကျွန်တော်တို့ကတော့ သူတို့အတွက် အသက်ကယ်အကျီင်္ ၇၀၀ ကို ဝေငှပေးခဲ့ပြီး၊ ကျွန်တော်တို့ရဲ့ RHIB လို့ ခေါ်တဲ့ လေမှုတ်သွင်းထားတဲ့ ခိုင်ခန့်တဲ့ရော်ဘာလှေတွေကို သုံးပြီး အခြား ကူညီကယ်ဆယ်ရေးသင်္ဘောတွေနဲ့အတူ လူတွေကို အခေါက်ခေါက်အခါခါ သယ်ပို့ပေးခဲ့ကြပါ တယ်။”

 “ကျွန်တော်တို့အတွက် အမှတ်ရဆုံး အဖြစ်အပျက်ကတော့ လမစေ့ဘဲ ရှစ်လနဲ့ မွေးလာပြီး ငါးရက်သား အရွယ် ကလေးအမြွှာ နှစ်ယောက်ကို ကယ်ဆယ်ပေးခဲ့ရတာကိုပါပဲ” ဆေးဘက်ဆိုင်ရာအဖွဲ့ခေါင်းဆောင် အန်တိုနီယိုဇမ့် က ပြောသည်။ “အမေက တစ်ယောက်တည်း ခရီးထွက်လာတာပါ။ ယောက်ျားလေးတစ်ယောက်ကတော့ အခြေအနေ သိပ်မကောင်းဘူး။ သူက အန်လဲ အန်တယ်၊ ကိုယ်အပူချိန်လည်း ကျနေပြီး တော့ လှုပ်လှုပ်ရှားရှားလည်း သိပ်မရှိဘူး။ စစချင်း ဆေးအဖွဲ့က အရေးကြီးတယ်လို့ သတ်မှတ်လိုက်ချိန်က စပြီး ကျွန်တော်တို့က ဒီကလေးတွေကို ပထမဦးစားပေးအနေနဲ့ စကြည့်ပါတယ်၊ အဲ့ဒီအချိန်မှာ သူ့ကျန်းမာ ရေးက တော်တော်ကို အရေးကြီးနေတဲ့ အခြေအနေမှာရှိနေပြီး သင်္ဘောနဲ့ အီတလီကို ခရီးနှင်နေတဲ့ ဒီခရီးရှည်ကိုတောင် ဖြတ်ကျော်နိုင်လိမ့်မယ်လို့ ကျွန်တော်တို့ မထင်ခဲ့ဘူး။ မိခင်နဲ့ ကလေးအမြွှာနှစ်ယောက် ကို အခြား သင်္ဘောတစ်စင်းနဲ့အတူ ကမ်းခြေကို အမြန်ဆုံး ပို့ဆောင်ပေးလိုက်ပါတယ်။”

MSF ဆေးဘက်ဆိုင်ရာအဖွဲ့က မောပန်းနွမ်းနယ်နေသူများနှင့် အကြီးအကျယ် ဝမ်းလျှောနေသူများ၊ ရေဓာတ် ခမ်းခြောက်နေသူများ၊ အဖျားရှိနေသူများ၊ ကိုယ်အပူချိန်ကျဆင်းနေသူများနှင့် အရေပြားရောဂါ ဖြစ်နေသူများအား ကုသပေးခဲ့သည်။ Dignity I မှ ကယ်ဆယ်ခဲ့သည့် လူ ၄၃၅ ဦးအနက် ၃၅၃ ဦးမှာ အမျိုးသားများဖြစ်ပြီး၊ အမျိုးသမီး ၈၂ ဦးနှင့် ငါးနှစ်အောက် ကလေးငယ် ၁၃ ဦး၊ အရွယ်မရောက်သေးသူ ၁၁၀ ဦးနှင့် အုပ်ထိန်းသူမဲ့ လူငယ် ၉၂ ဦး ပါဝင်သည်။

Dignity I သင်္ဘောမှာ အီတလီနိုင်ငံ ဗီဗိုဗယ်လင်တိုင်းမြို့သို့ ပို့ဆောင်ပေးမည့် လူ ၄၃၅ ဦးအား တင်ဆောင်ကာ ဦးတည် ခုတ်မောင်းလျက်ရှိသည်။ အဆိုပါ သင်္ဘောမှာ ကမ်းခြေသို့ ဆိုက်ရောက်ပြီးပြီးချင်း နောက်ထပ်လူများအား ကူညီကယ်ဆယ်ရန်အတွက် ပင်လယ်တွင်းသို့ ချက်ချင်း ပြန်လာမည်ဖြစ်သည်။

“ကမ်းခြေစောင့်တပ်မှ ရရှိတဲ့ သတင်းတွေအရ မနေ့က တစ်နေ့တည်းမှာ မြေထဲပင်လယ်ကို အသက်နဲ့ ရင်းပြီး ဖြတ်ကျော်လာတဲ့ လူ ၆၅၀၀ ခန့်ကို ကူညီကယ်ဆယ်သည့်အဖွဲ့ပေါင်းစုံမှ အကြိမ် ၄၀ တိတိ ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်ပြီး ကယ်ဆယ်ပေးခဲ့ကြောင်း သိရှိခဲ့ရတယ်” လို့ Papachrysostomou က ဆိုသည်။ “ဒီပြဿနာရပ်တွေဖြစ်နေတဲ့အပေါ် ဥရောပသမဂ္ဂရဲ့ တုန့်ပြန်မှုနဲ့ နိုင်ငံတွေရဲ့ နယ်စပ်တွေကို ဖြတ်ကျော်တဲ့အခါ ကြုံတွေ့နေရတဲ့ အခက်အခဲတွေမှာ လူသားချင်းစာနာမှုနဲ့ စစ်ပြေးဒုက္ခသည်တွေ၊ ရွှေ့ပြောင်းနေထိုင်သူတွေအတွက် ချက်ချင်းလိုအပ်နေတဲ့ အကူအညီတွေကို ပေးဖို့ ပျက်ကွက်နေတဲ့အပေါ် ဒီအဖြစ်အပျက်တွေက ပြသနေတာပဲ ဖြစ်ပါတယ်။ IOM နဲ့ UNHCR အဖွဲ့များမှ ရရှိသည့်ကိန်းဂဏန်းများအရ ၂၀၁၆ ခုနှစ်အတွင်း မြေထဲပင်လယ်တွင် လူပေါင်း ၃၆၁၇ ဦး အသက်ဆုံးရှုံးခဲ့သည်။ ဥရောပသမဂ္ဂအနေဖြင့် အဆိုပါနေရာတွင် ဖြစ်ပွားနေသည့် ကိစ္စရပ်များအတွက် ဖြေရှင်းမှုများပေးရန်လိုအပ်နေပြီး၊ ဒုက္ခသည်များနှင့် ရွှေ့ပြောင်းနေထိုင်သူများအတွက် လုံခြုံစိတ်ချရမှုနှင့် တရားဝင်ရွေးချယ်စရာလမ်းကြောင်းများ ပေးအပ်ရန် နှင့် ထောက်ပံ့ကူညီမှုများနှင့် ယင်းတို့ အပြင်းအထန် ကြိုးစားရှာဖွေနေသည့် လုံခြုံမှုများအား ပေးအပ်ရန် လိုအပ်သည်။


၂၀၁၆ ခုနှစ် ဧပြီလ ၂၁ ရက်နေ့ကတည်းက စပြီး MSF ၏ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ စတင်ခဲ့သည်။ MSF အဖွဲ့များသည် Dignity I၊ ဘာဘွန်အာဂို့စ်နှင့် အာကွားရီးယပ်စ် (SOS Mediterranee နှင့် ဖက်စပ်လုပ်ကိုင်သည်) သင်္ဘောများဖြင့် ကူညီကယ်ဆယ်ရေးအကြိမ်ပေါင်း ၈၅ ကြိမ် ပြုလုပ်ခဲ့ပြီး၊ လူပေါင်း ၁၁၃၆၅ ဦးအား ကယ်ဆယ်နိုင်ခဲ့သည်။

Facebook comments